လူ နတ် ဘီလူး
**************
ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရာသီတွင် သင်္ကြန်ကျပြီးစ အချိန်တွင် ဓနိ သက်ကယ် များသုံး၍ အိမ်ပြင်မိုးလေ့ရှိကြသည်။
တခါတရံ အချင် ဟုခေါ်သည် ဝါးများကို ဖျက်ချ ပြင်မိုးလေ့ရှိသည်။
အချင် ဆိုသည်ကား အိမ်ခေါင်မိုးတွင် သယ်ကယ် ဓနီ ချည်ရန် မိုးရန် ဝါးဖြစ်၏။ သွတ်မိုးခေါင်များတွင် ဒိုင်းနှင့် သဏ္ဍာန်တူသည်။
အချင်တင်သည့်အခါ လူ နတ် ဘီလူး ဟု ရွတ်ဆိုကြလေ့ရှိသည်။ လူ နတ် ကျလျှင်ကောင်း၏။ ဘီလူးကျ လျှင်မကောင်းချေ။
ထိုစဉ်က ဘာမှန်းညာမှန်း တိတိပပမသိခဲ့ချေ။ ယခုမူ မိခင် ဖခင်တို့ ၏ ရပ်ဓလေ့ ရွာဓလေ့ ကို အနည်းငယ်သိမြင်တတ်ချေပြီ။
အိမ်ရာသစ်တည်ထောင်ခြင်းသည် မင်္ဂလာရှိ၏။ လူတို့သည် မဖြစ်မနေ အိုးသစ် အိမ်သစ်ကလေးများ ဆောက်ကြရသည်။ အိမ်ဆောက်လျှင် အိုးသစ်အိမ်သစ်တည်လျှင် အရေးကြီးသည်ကာ ဘီလူး အစားမခံမရရေးဖြစ်သည်။
လူသည် ဂုဏ်ရှိသည်။ ကျက်သရေရှိသည်။ နတ်သည် မြင့်မြတ်သည်။ ဘီလူးမူကား သူတပါးအသားစားရမှ နေသာထိုင်သာရှိ၏။
သို့ ကြောင့်ရှေ့လူကြီးများသည် အမိုးနှင့်တူသော အိမ်ထောင်ဦးစီးကို ဘီလူးမဖြစ်စေရန် အထာပြခဲ့ခြင်းဖြစ်ပေသည်။ အိမ်ထောင်ဦးစီးဘီလူးဖြင်လျှင် ဘီလူးများ ဝင်ထွက်ကြပေလိမ့်မည်။ အိမ်သားများလည်း တနေ့နေ့ တချိန်ချိန် အစားခံရတတ်သည်။
လူနှင့်နတ် နှင့်သာပေါင်းသင်းဆက်ဆံလျှင် လူ နှင့်နတ်သာ ဝင်ထွက်ကြပေမည်မဟုတ်ပါလော။
အချုပ်ဆိုရသော် အိမ်ခေါင်ရှိ အချင်ဝါးငယ်ကလေးများတင်တိုင်း လူ နတ် ဘီလူးဟု ပြောဆိုကြခြင်းသည်သာမည မျှသာ။ နာခံရန်ခက်ခဲသော လူတို့အား ပရိယာယ်ဖြင့် သင်ကြားခြင်းသာတည်း။
ကိုဧည့်သည်
May16, 2016
6:30 AMလ
No comments:
Post a Comment